Wednesday, November 6, 2013

"တိတ်ဆိတ်သွားသော ရင်ခုန်သံ.....။"


ရင်ခွင်ကြိုးတွေ ပြေလျှော့ချိန်…
နယူတန်ရဲ့ နိယာမလည်း ပြောင်းပြန်ဖြစ်သွားတယ်
အပြုံးတွေချည်း ဆင်မြန်းပေးခဲ့ရသလောက်
သက်ရောက်မှုက မျက်ရည်ရသတဲ့…..
ဘယ်လောက်တောင် အသည်းနာဖို့ကောင်းလိုက်သလဲ….?

သစ္စာတွေ အလီလီဖောက်လွယ်နေတဲ့ ခေတ်မှာ
တစ်ယောက်ဆိုတစ်ယောက်ဖြစ်နေဆဲ….
လူနည်းစုထဲ ငါ နေထိုင်ခဲ့တာပါ
ကတိက၀တ်တွေလည်း ပင်လုံးကျွတ် စိမ်းလန်းလို့ပေါ့လေ….။

နှစ်ပတ်လည်တချို့ကို ဒိုးတူပေါင်ဖက်ဖြတ်သန်းခဲ့ဖူးကြတယ်
ဥပက္ခာတွေ ဘယ်လိုပဲ ကြမ်းကြမ်း…
ငါတို့ရဲ့ တွဲလက်လေးကို သံယောဇဉ်ဆိုတဲ့ ကြိုးနဲ့ မခိုင့်တခိုင်
ငါက အရဲစွန့်နှောင်လို့….
အဓိက အကျဆုံးလူ နင်က …ပြတ်သားချင်နေမှတော့
ငါတို့ဇာတ်သိမ်း.…ဘယ်လိုမှ အကြောင်းမလှခဲ့ဘူးပေါ့…..။

နွေးထွေးခြင်းတွေ ကွေကွင်းလို့ လွင့်ပြယ်တဲ့အခါ
လိုလိုမည်မည်စုဆောင်းထားတဲ့ အမှတ်တရတွေလည်း အရောင်မဲ့လာခဲ့တယ်…
တကယ်ပါလေ
လမ်းခွဲအတွက် မချိတင်ကဲပေမယ့်…..
နင့်ကိုတော့ ငါ မဆန့်ကျင်ရက်ခဲ့တာပါ….။

နင်စိမ်းကားခဲ့တဲ့ ရပ်ဝန်းထဲ ငါ….တကျည်ကျည် ရှိုက်ငို….
နင် လက်ယပ်ခေါ်ခဲ့ဖူးတဲ့ အတိတ်တွေထဲမှာပဲ
ငါ့ရှင်သန်ခြင်းတွေ ယှက်ဖြာစီးဆင်းနေဆဲ…။

ကဲ….ကြေကွဲရခြင်းတွေ ထားပါတော့လေ…..
နင် ဖြူရင် ဖြူ….နင် မဲရင် မဲ….
သည်လောက်ထိ သဲကွဲစေခဲ့ဖူးတဲ့ ငါတို့နေ့ရက်တွေကို
နင်က စတေးရက်မှတော့…..
ခိုခိုကပ်ကပ်…..လိုက်လံ မမက်တွယ်လိုတော့ပါဘူး….
ငါ့နှလုံးသားအတွက် အချိန်က ဆေးဖက်ဝင်လိမ့်မယ်….
ဘယ်လိုပဲ လွမ်း လွမ်း…..
ပြန်လာပါ ဆိုတဲ့ ခေါ်ချင်သံကိုတော့….ရာသက်ပန်….တိတ်ဆိတ်စေခဲ့ပါပြီကွယ်…။ ။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး