Monday, October 7, 2013

“ ဘ၀ဆိုတာစောင့်ဆိုင်းခြင်း”

မွေးဖွားဖို့

နေဖို့

သေဖို့ကိုစောင့်တယ်

ငါဟာ ဂိတ်ဝမှာရပ်လို့စောင့်တယ်

ငါ့ကိုက စောင့်ဖို့ကံဇာတာပါလာတဲ့သူ

အဲဒါကြောင့်ငါစောင့်တယ်

မင်းကလဲ နောက်ကျလှချည်ရဲ့

ဂိတ်ဝမှာ လူတွေကလဲ ၀င်လိုက် ထွက်လိုက်

အနီတွေ အဖြူတွေ အပြာတွေ

ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အရောင်တွေ

ဦးထုပ်မြင့်မြင့်ဆောင်းထားတဲ့ လူတွေလဲပါတယ်

ဦးခေါင်းနှစ်လုံးကဆောင်းထားတဲ့

ထီးတချောင်းလဲပါတယ်

ဆံပင်ဆိုးဆေးကို

ဦးထုပ်လို ၀တ်ဆင်ထားတဲ့လူတွေလဲ ပါတယ်

လွတ်လပ်မှုကို

တီရှပ်လို ၀တ်ဆင်ထားတဲ့ လူတွေလဲ ပါတယ်

စိတ်အေးလက်အေး အရောင်တွေ

ကသုတ်ကယက်အရောင်တွေနဲ့

ငါစောင့်တယ်…စောင့်တယ်…စောင့်တယ်….

ရှည်ထွက်လာတဲ့ သက္ကရာဇ်တွေကိုလဲ

လက်သည်းလို ညှပ်ပစ်ရင်းငါစောင့်တယ်

ရာသီဥတုကရော ကိုယ့်ဘက်ပါရဲ့လား

ငါမသိဘူး….မသိဘူး….

ငါကျန်တာတွေ ဘာမှမသိဘူး

ငါစောင့်ရဖို့ပဲ ငါသိတယ်

အဲဒါကြောင့် ငါစောင့်တယ်
တုန်ယင်လှိုက်မောစွာနဲ့ပေါ့။

No comments:

Post a Comment

ခင်မင်မူဖြစ်မာန်ဘာဝင်ပေးပါ

တပတ်အတွင်း လူအကြိုက်ဆုံး