တမ်းတမိတဲ့ လတစင်းက
တိမ်ညို တုယောင်တွေ ဖုန်းအုပ်လို့ ပုန်းကွယ်နေချိန်မှာ
မတမ်းတချင်တဲ့ လတစင်းက
ကိုယ်တပ်မက်နေတဲ့ မင်းဆီက လရောင်ခြည်တွေဖြာပေးလို့။
လေညို တချက်အဝှေ့မှာ တိမ်ညိုတွေအကြား
လှစ်ခနဲမြင်လိုက်ရတဲ့ စွဲလမ်းမှုတွေလွှမ်းခြုံထားတဲ့
မင်းရဲ့ ချိုမိန်လရောင် မှိန်မှိန်လေးဟာ
ကိုယ့် အတွက်တော့ ဘယ်လောက်တောင်ရူးသွပ်စေသလဲ
ဒါတောင်မင်းက လျို့ဝှက်စွာနဲ့
တိမ်ညိုတွေအကြား ပြေးပုန်းချင်သေးရဲ့။
ရူးမိုက်စွာနဲ့ မင်းထွက်ပေါ်လာမဲ့
လပြည့်ညတွေကို လက်ချိုးရေတွက်နေချိန်မှာတော့
မတမ်းတချင်တဲ့ တခြားလတစင်းက
ကိုယ့်အတွက် လပြည့်ညတွေဖန်ဆင်းပေးနေလေရဲ့။
ကြယ်စုံတွေကနေပြီး ရွှမ်းလဲ့ရောင်ခြည်တွေဖြာပေးနေတဲ

့
မတမ်းတချင်တဲ့ လရဲ့ ညတွေကို ဥပေက္ခာပြုချင်ပြီး
မှောင်မိုက်ညတွေထဲ ပုန်းကွယ်နေတဲ့
မင်းရဲ့လရောင်မှိန်မှိန်လေးကိုပဲ
ရူးမိုက်စွာ မျှော်လင့်မိနေလေရဲ့ ။
ကိုယ်ဟာ………… လရောင်မှားနေတဲ့ ကောင်းကင်ပဲလားလို့
အကြိမ်ကြိမ် အခါခါ မေးခွန်းတွေထုတ်မိလို့
မှောင်မိုက်ညတွေထဲက ပုစ္ဆာ ၁ ပုဒ်လို
အဖြေမှန်ကို စမ်းတဝါးဝါးနဲ့ ရှာဖွေရင်း
မင်းရဲ့လကွေးလေးဘေးက ကြယ်စင်လေးတလုံး အဖြစ်
နေခွင့်ရချင်ရဲ့လို့ ရူးမိုက်စွာတွေးနေရင်းပေါ့။

No comments:
Post a Comment